Monday, April 9, 2012
Wednesday, December 7, 2011
စာရင်းကိုင် (1)
စာရင်းကိုင်အလုပ်တခုတည်းကို ဘ၀တစ်လျှောက်လုံးလုပ်လာခဲ့တဲ့လူအနေနဲ့
ဘာတွေများထူးသွားသလဲလို့ပြန်တွေးကြည့်မိတယ်။
အခြားလူတွေတော့မသိဘူး
ကျွန်မကတော့ အမြဲတမ်း ရေတွက် နေမိတယ် count down လုပ်နေတာလေ။
ဥပမာ အ၀တ်လျှော်ဘို့ ရေပုံးထဲကို ရေဖြည့်တိုင်း တစ်နှစ်သုံးလေး လိုက်ရေနေမိတယ်။
သတိထားမိလိုက်တော့မှာ ရေပုံးထဲ ရေပြည့်အောင်ထည့်လိုက်ပြီးတာဘဲ
ဘယ်နှစ်ခွက်ဖြစ်ဖြစ်လေ
နောက်ပြီး လှေခါးတက်ရင်း သတိမထားမိရင် တစ်ထစ်နှစ်ထစ် ရေနေမိတာပါဘဲ။
သိစိတ်က တွက်စရာမလိုပါဘူးလေလို့ သိပေမဲ့
မသိစိတ်က အမြဲတမ်း နေရာတကာ တွက်မိနေလို့
စာရင်းကိုင်အများစုက အပျိုကြီးတွေ ဖြစ်နေလေရဲ့
Wednesday, November 30, 2011
တည်ကြည်ခြင်း
သူတို့လုပ်ငန်းခွင်မှာ ဆက်ရပ်တည်ဘို့ ခက်ခဲလာတာနဲ့
ကျွန်မက ကြားထဲကနေ အလုပ်အသစ်တခုကို ဆက်သွယ်ပေးမိတယ်။
လုပ်ငန်းအသစ်မှာ ကျွန်မနဲ့ တက္ကသိုလ်မှာ အတန်းတူ အဆောင်တူ နေခဲ့တဲ့
သူငယ်ချင်းက Finance Manager ပေါ့။
သူက အဲ့ဒီအလုပ်မှာ (15)နှစ်လောက်ရှိနေပြီ
သူ့ကုမ္ပဏီက MICT ထဲမှာရှိပြီး Oversea အထိ လုပ်ငန်းချဲ့ထွင်ထားတဲ့ အလုပ်ပေါ့။
သူ့ဆီမှာ လူလိုတယ်ပြောထားဘူးတော့ ကျွန်မညီမလေးနှစ်ယောက်ကို သူ့ဆီ ဖုံးဆက်ပြီး
မိတ်ဆက်ပေးလိုက်ပါတယ်။ ကျန်တာ သူတို့ဆက်လုပ်လေ။
ကျွန်မ လုပ်ပေးနိုင်တာပြီးပြီဆိုပြီ နေလိုက်တာပေါ့။
သူတို့ အင်တာဗျူးချိန်းကြတယ်။
အလုပ်ဟောင်းကိုထွက်တယ်။
အလုပ်အသစ်ပြောင်းမယ်ပြောပါတယ်။
အလုပ်ဟောင်းမှာ လစာ (2)သိန်း ရပြီး အလုပ်အသစ်မှာ လစာ (1.6)သိန်း လျော့ရပေမဲ့
အလုပ်ဟောင်းရဲ့စိတ်ဖိစီးမှုကို မခံနိုင်တာ
အလုပ်သစ်မှာ အတွေ့အကြုံသစ်တွေ ရနိုင်တယ်ဆိုပြီး ပြောင်းဘို့ စီစဉ်ကြတယ်ပေါ့။
ဒါက ပုံမှန်အတိုင်းဆို အလုပ်သစ်မှာ အိုကေပေါ့။
ခုတော့ အလုပ်သစ်မှာ လစာကို (1.6)သိန်းပြောထားပေမဲ့
စဆင်းတဲ့နေ့မှာ လစာကို (1.2)သိန်းလို့ပြောင်းပြောတာ
အစမ်းခန့်ကာလမှာ လစာ(1.2)သိန်းရဲ့ 70% ကိုဘဲပေးမှာ
စာချုပ်ကို (2)နှစ်လက်မှတ်ထိုးရမှာတွေကိုပြောလာပါတယ်ဆိုပြီး
ကျွန်မဆီကို ဖုံးဆက်လာပါတယ်။
အဲဒီအကြောင်းအရာတွေက
အင်တာဗျူးချိန်မှာ တခါတည်း ပွင့်ပွင့်လင်းလင်းပြောရမှာ
အလုပ်စဆင်းတဲ့နေ့မှ ပြောရမဲ့ကိစ္စတွေမဟုတ်ဘူး။
ကျွန်မညီမလေးနှစ်ယောက်လဲ တော်တော်လေး တုန်လှုပ်သွားပုံရတယ်
သူတို့ဘာဆက်လုပ်ရမလဲတဲ့။
ကျွန်မက ငါသာဆိုရင် နောက်ထပ် အလုပ်အသစ်ထပ်ရှာမယ်
အဲ့လို အမျိုးမျိုးပြောတဲ့ လုပ်ငန်းမျိုးကို ၀င်ကို မ၀င်ဘူးလို့ ပြောမိတယ်။
သူတို့ကလဲ သဘောပေါက်သွားတယ် ထင်ပါတယ်။
အလုပ်အသစ်ကို အဲ့လိုမျိုးတွေဖြစ်နေရင်တော့ မ၀င်နိုင်ပါဘူးလို့ပြောပြီး
တခါတည်း ထပြန်ခဲ့ကြတယ်။
အဲဒီအဖြစ်ကလေးကို ကျွန်မစိတ်ထဲ တနုံနုံဖြစ်နေတယ်။
အင်တာဗျူးတဲ့ Finance Manager နဲ့ အလုပ်လျှောက်တဲ့ဘက်
နှစ်ဖက်စလုံးမှာ ဒေါ်စု စကားငှားသုံးရရင် ပွင့်လင်းမြင်သာမှုမရှိဘူး။
sales & marketing လုပ်တဲ့သူတွေက စကားကို နားထောင်ကောင်းအောင်
ပြောဘို့ လိုပေမဲ့
Fiance and Account ပိုင်းမှာလုပ်တဲ့လူတွေဟာ စကားကို နားထောင်ကောင်းဘို့ထက်
တိကျသေချာဘို့ လိုတယ်။
ကျွန်မကတော့ တည်ကြည်ခြင်း ဆိုတဲ့ စကားလုံးလေးကိုဘဲ ထိုင်ရေရွတ်နေမိတယ်။
Friday, October 21, 2011
ထားစရာမရှိတဲ့လူ.........စားစရာမရှိတဲ့လူ
တခါတလေမှာ နည်းနည်းခံစားရပါတယ်။
ကျွန်မအလုပ်က ရွှေပြည်သာမြို့စွန်မှာပါ။
အလုပ်လာတဲ့လမ်းတလျှောက် လူမျိုးစုံကို မြင်ရတယ်။
တခါတလေ တံခါးမရှိဘဲ လမ်းဘေးမေးတင်ထားတဲ့အိမ်ထဲကိုတောင်
လှမ်းမြင်နိုင်ပါသေးတယ်။
လှိုင်သာယာဘက်မှာ အလုပ်လုပ်တုန်းကလဲ
မနက်ခင်းမှာ ပိုင်တဲ့အိုးခွက်ပုဂံတွေ အပေါင်ဆိုင်ပို့
ရတဲ့ငွေလေးရင်းပြီး ဈေးရောင်း
ညဘက်အပြန် အပေါင်ဆိုင်ဝင်ရွေး
ချက်ပြုတ်စားသောက်ကြရတဲ့လူတွေကိုလဲ
မြင်ရတယ်။
အခုအလုပ်နားမှာ မိဘမဲ့ကလေးတွေကို ဘုန်းကြီးကျောင်းကလက်ခံပြီး
စောင့်ရှောက်ထားရတာလဲတွေ့နေ၇တယ်။
စာပေးစာယူတက်ပြီး ရုံးပိုင်းမှာ သန့်ရှင်းရေးလုပ်ပေးနေတဲ့ ညီမအစ်မနှစ်ယောက်ဆို
မနက်စာ မစားလာနိုင်ဘဲ ရုံးကကျွေးတဲ့ 11နာရီမှ ထမင်းတန်းစားကြတာကိုလဲ သိရတယ်။
ရုံးပိတ်ရက်မှာ အိမ်မှာ ထမင်းစားမကောင်းဘူးလို့ ညည်းတဲ့
လုံခြုံရေးဝန်ထမ်းတွေရဲ့အသံကိုလဲ ကြားရတယ်။
စားဝတ်နေရေးဆိုတဲ့ ၀န်ထုတ်ကြီးကို ထမ်းပြီး
မြန်မာပြည်သူအများကတော့ မနိုင်မနင်းရှေ့ဆက်နေရတယ်။
ဒါကတပိုင်းပေါ့။
သီတင်းကျွတ်တိုင်း အရက်ပါတဲ့လက်ဆောင်ခြင်းတွေ ၀ယ်ပေးရတာကို
စိတ်ကုန်နေတုန်း
ဆင်းရဲမှုလျော့ချရေးကိုကောင်အထည်ဖော်ဘို့ ဆောင်ရွက်နေတဲ့
လူကြီးတစ်ယောက်ရဲ့မြေးမွေးနေ့အတွက်
မြန်မာပြည်မှာမရှိတဲ့အသီး ငါးမျိုးလောက်လိုချင်တယ်တဲ့
ဘန်ကောက်နဲ့ထိုင်ဝမ်ကို ချက်ချင်းဖုံးဆက်မှာပေးရတယ်။
ညဘက် အကင်လုပ်ဘို့ ငါးပုဇွန်တွေ လိုချင်ပါတယ်တဲ့။
အအေးခန်းစက်ရုံတွေက ယူပြီးပို့ရတယ်။
မြေးမိန်းခလေးမို့ လက်ဝတ်ရတနာ ပြောင်ပြောင်တွေလဲ ပေးချင်ပြန်သတဲ့။
ကျွန်မအလုပ်ရှင်တွေရဲ့ ဖုံးဆက်မှာကြာချက်တွေကို ဖြည့်စွက်ပြီးတဲ့နောက်မှာတော့
ပေးချင်တဲ့လူတွေများလို့ ထားစရာတောင် နေရာမရှိတော့တဲ့လူတွေကနေ
စားစရာမရှိတဲ့လူတွေဆီ စီးဆင်းသွားဘို့အတွက်...............................
ငတက်ဖျား............ကိုဘဲ အကူအညီတောင်းတော့မယ်။
Wednesday, October 19, 2011
ပြတင်းပေါက်
လေ၀၀ ရှုခွင့်မရလို့လဲ အဆုတ်အားနည်းတာ ဖြစ်နိုင်ပါတယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့်မရတဲ့အခြေအနေ
အပစ်တင်အရောင်တွေလွှမ်းတဲ့ ပတ်ဝန်းကျင်မျက်လုံးတွေကိုရှောင်ဘို့
နေရာမရှိတဲ့အခါမှာ
လူတွေရဲ့မြင်ကွင်းကပျောက်ကွယ်ဘို့ စောင်ကိုခေါင်းမူးခြုံအိပ်ရာက
လေ၀၀ရှုခွင့်မရတဲ့ နောက်ဆက်တွဲ ဝေဒနာတွေပေါ့။
လေရဘို့အတွက် လေ၀င်နိုင်တဲ့ ပြတင်းပေါက်လိုတယ်။
ပြတင်းပေါက်ကို မက်မောတဲ့လူတစ်ယောက်အနေနဲ့
အ၀င်အထွက်တံခါးတစ်ခုဘဲအပေါက်ပါတဲ့အဆောင်ခန်းကလေးကို
ခဏတိုင်းအမှတ်ရမိသေးတယ်။
အဲဒီအခန်းက လေ၀င်ပေါက်သာမရှိတာ ကာထားတာက အထပ်သားမို့
ဘေးအခန်းတွေရဲ့ဆူညံသံတွေကတော့ အတားအဆီးမရှိ အမြဲဝင်ဝင်လာတယ်
လေ၀င်ပေါက်မရှိတဲ့အဆောင်ခန်းလေးရဲ့ရှေ့မှာတော့ လေတွေတ၀ူးဝူးတိုက်နေတဲ့
လိပ်ပြာကန်ရှိတယ်
အဲဒီကန်ဘေးသွားပြီးလေရှုတာပေါ့။
မသိစိတ်က ပြတင်းပေါက်ကို စွဲလန်းနေတာဖြစ်မယ်
ကိုတာ ရဲ့ ပြတင်းပေါက်မှ ကြည့်သူရဲ့စိတ်ကူးများ စာအုပ်ကို ၀ယ်ဖြစ်တယ်။
ပြတင်းပေါက်ရှိမှ လေ၀င်နိုင်သလို ပြတင်းပေါက်ကနေကြည့်မှ
တကယ့်အပြင်လောကရဲ့အဖြစ်အပျက်တွေကို မြင်နိုင်မယ်လေ။
ခုတော့ ပြတင်းပေါက် (9)ပေါက်နဲ့ ၀ရံတာ (2)ခုကို ရတယ်။
ဒါပေမဲ့ ပြင်ပက၀င်လာတဲ့လေကိုဘဲ လိုချင်တာမို့ အခြားအရာတွေကိုကာကွယ်ဘို့
သံပန်းတပ်ဦးမှ ဆိုတဲ့အတွေးက ရောက်လာတယ်။
မဆုံးနိုင်တဲ့ ဘ၀လိုအပ်ချက်တွေပေါ့။
အဲဒီလိုအပ်ချက်တွေကို ဖြည့်ဘို့
Air Condition ဖွင့်ထားတဲ့ မှန်လုံအခန်းထဲမှာ
ဘ၀တ၀က်ကိုပေးနေရတယ်။
စိတ်မွမ်းကြပ်မှုတွေနဲ့ပေါ့။
တနေ့မှာတော့ လေတဟူးဟူးတိုက်နေတဲ့ ပြတင်းပေါက်ဘေးမှာ
ဖျာကလေးခင်းပြီး စာအုပ်ကလေးဘေးချ အိပ်နိုင်ရမယ်လို့ အားတင်းရင်း.............
Tuesday, September 27, 2011
ဘူတန် နဲ့ အမေရိကန်
အလုပ်ချိန်ပြင်ပနဲ့ ပိတ်ရက်တွေမှာ အပိုဝင်ငွေရအောင် ဘာလုပ်ရင် ကောင်းမလဲတဲ့။
ချက်ချင်းပြန်ဖြေလိုက်တယ်။
ပိုမရှာချင်နဲ့ လျှော့သုံးကြလို့။
တလ (15)သိန်းလောက် ၀င်ငွေရှိနေတဲ့ မိသားစု(4)ယောက်ဘ၀မှာ
ငွေထပ်ရှာချင်သေးသတဲ့။
ဘူတန်နိုင်ငံကို ကျွန်မက စိတ်ဝင်စားနေတာကြာပြီ။
ဘုရင်ကလေးချောတာ ပညာတတ်တာလဲ ပါတာပေါ့။
ကျွန်မ သူဌေးကတော့ အမေရိကန်ကို စိတ်ဝင်စားသတဲ့။
လိုင်းမတူပုံများ။
ဘဏ်ချေးငွေကိစ္စတွေ ဆွေးနွေးတိုင်း အမြဲကြားရတဲ့စကားတခုရှိတယ်။
အမေရိကန်လို အကြွေးထူတာ ကိစ္စမရှိပါဘူးတဲ့။
သူ့ကိုယ်သူ အားတင်းတဲ့စကားလုံးလားတော့ မသိဘူး။
ကျွန်မကတော့ GDP Gross Domestic Product ကို အလုပ်သဘောမှတ်ထားတာ။
တကယ်စိတ်ဝင်စားတာက GNH Gross National Happiness ပါ။
ချမ်းသာတဲ့လူတိုင်း မပျော်ပါဘူး။
ကျွန်မတို့ပတ်ဝန်းကျင်မှာ ချမ်းသာပြီးမပျော်တဲ့လူတွေ အများကြီးဘဲ။
ဘူတန် စဉ်းစားတဲ့ (4)ချက်ကို ကြိုက်တယ်။
(1) သာတူညီမျှတဲ့ စီးပွားရေး
(2) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု
(3) ယဉ်ကျေးမှု ထိန်းသိမ်းမယ်
(4) ကောင်းစွာ စီမံအုပ်ချုပ်မယ် တဲ့........
သူတို့ကတော့ နိုင်ငံခေါင်းဆောင်တွေမို့ အားလုံးအတွက် စဉ်းစားကြတာပေါ့။
ကျွန်မကတော့ သာမန်စာရင်းကိုင်ကလေးဆိုတော့
ကိုယ့်ဘ၀တခု ကိုယ့်ပတ်ဝန်းကျင်လေးအတွက်ဘဲ စဉ်းစားနိုင်တာပေါ့။
နောက်ဆုံးတော့ ကောင်းစွာစီမံနိုင်မှုက အရေးကြီးဆုံးမို့
ဘူတန် စတိုင် နဲ့ ဘ၀ကို တည်ဆောက်သွားတော့မယ်။
Friday, September 16, 2011
လူရာဝင်ခြင်း
လူရဲ့လိုအင်ဆန္ဒတွေက အကန့်အသတ်မရှိဘူးတဲ့။
ဟုတ်ပါတယ်။ လောဘရဲ့သားကောင်တွေမို့
လူတိုင်းမှာ လိုအင်တွေရှိနေတယ်။
ဒါကိုရရင်တော့ ပျော်မှာလို့ ထင်ခဲ့တယ်။
ဒါကိုရပြီးတော့လဲ ခဏတော့ ပျော်ပါတယ်။
နောက်တခုကို လိုချင်ပြန်တာပါဘဲ။
ကျွန်မလဲ လောဘသားထဲက တစ်ယောက်မို့ အတူတူပါ။
စာတွေထဲမှာတော့ စိတ်လိုအင်တွေ အဆင့်ဆင့်မြင့်တက်လာတာကို ဖတ်ဖူးတယ်။
စားဝတ်နေရေးကတော့ လူတိုင်းရဲ့အခြေခံလိုအင်ပေါ့။
ပြည့်စုံပြီးနောက်ပိုင်းမှာတော့ လိုအင်တွေက မြင့်မြင့်လာတယ်ပြောတယ်။
အဲဒီထဲကမှ ကျွန်မ စိတ်ဝင်စားတာက အသိအမှတ်ပြုမှုလိုအင် ပါ၊
လူတွေက တခုခုကိုစဉ်းစားရင် ကိုယ်ကြိုက်လို့ ဆိုတာထက်
အခြားလူတွေကြိုက်တာကို ပိုဦးစားပေးတာတွေ့ရတယ်။
လူတွေကဲ့ရဲ့ပစ်တင်ခံရမှာကိုကြောက်တယ်။
ဘုန်းကြီးတပါးဟောတာ ကြားဘူးတယ်။
ကိုယ့်ဘ၀က သူများ ပါးစပ်ဖျားမှာ အဆုံးမသတ်သွားစေနဲ့တဲ့။
ပစ်တင်ဝေဖန်ခံရတဲ့အခါတိုင်းအားတင်းခဲ့ရတယ်။
တို့ဘုရားတောင် အပစ်တင်ခံရတာရှိသေးတာဘဲလို့ပေါ့။
အဲဒါတွေကို စဉ်းစားဖြစ်တာ အကြောင်းတခုရှိတယ်။
မနေ့က ကျွန်မတို့ လုပ်ငန်းအုပ်စုထဲက GM တစ်ယောက် ရုံးမှာ သတိလစ်ပြီး လဲကျသွားတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ဟိုတယ်တစ်ခုမှာ လုပ်တဲ့ Product show ပွဲတခုအတွက်
စိတ်အားကုန်လုပ်ခဲ့တဲ့ နောက်ဆက်တွဲ ရလာဒ်ဘဲ။
သူအလုပ်လုပ်နေတာ သူ့သမီးလေးဂုဏ်ရှိဘို့တဲ့။
အထွေထွေမန်နေဂျာတစ်ယောက်ရဲ့ သမီးဆိုတဲ့ ဂုဏ်ရှိစေချင်တာတဲ့။
သူငွေအတွက်ဆိုရင်တော့ အိမ်ကကားကို taxi ထွက်မောင်းချင်တယ်တဲ့။
unlimited wants တွေ ကိုဖြည့်ဘို့အတွက် ကျိုးစားရင်း သူလဲသွားတာလေ။
ကျွန်မလဲ ဒီလောကသားထဲက တစ်ယောက်ပါ လုပ်ငန်းရဲ့တောင်းဆိုမှု
BOD အဖွဲ့ဝင်တွေရဲ့ unlimited wants တွေကို ဖြည့်နေရတာပါဘဲ။
တကယ်တော့ လူတိုင်းမှာ အတိုင်းအတာတွေရှိနေပါတယ်။
တခါတလေမှာ မဖြစ်နိုင်တာတွေကို မဖြစ်နိုင်ပါဘူးလို့
ရဲရဲတင်းတင်းပြောဘို့ သတ္တိမွေးရပါမယ်။
အဲဒီသတ္တိနဲ့အတူ သူတို့ဆီက ရမဲ့ အခွင့်အရေးဆိုတာကို လစ်လျူရှုနိုင်ရပါမယ်။
ရရှိထားတဲ့ အခွင့်အရေးနဲ့ညီမျှအောင် လုပ်ဘို့တာဝန်ရှိပါတယ်။
ဒါတွေကို အချိုးညီအောင် ချိန်ဆ တတ်ဘို့တော့
ကျွန်မတို့ အတော်လေးကျိုးစားရပါဦးမယ်။
ခုလောလောဆယ်မှာတော့
အသိအမှတ်ပြုမှုလိုအင်တွေအတွက်
ခပ်ကြမ်းကြမ်းပြောရရင် လူရာဝင်ချင်တာတွေအတွက်
ကျွန်မတို့ရှိနေပါတယ်ဆိုတဲ့ ကိုယ်ပိုင်ဘ၀နဲ့ အချိန်တွေ
ပျောက်ကွယ်နေပါတယ်။
တကယ်ဆိုးဝါးတဲ့
လူရာဝင်ခြင်း